လမ်းခွဲထားတဲ့ မိဘရှိသူ အမျိုးသားတွေဟာ အတူနေ မိဘရှိတဲ့ အမျိုးသားတွေထက်
လေဖြတ်နိုင်ခြေ သိသိသာသာ ပိုမိုမြင့်မားကြောင်း သိပ္ပံပညာရှင်တွေက
ဆိုပါတယ်။ အသက် ၁၈နှစ်အရွယ် မရောက်ခင်မိဘတွေ လမ်းခွဲတာကို တွေ့ကြုံရတဲ့
အမျိုးသားတွေဟာ အသက်ကြီးလာပါက အတူနေမိဘရှိတဲ့ အမျိုးသားတွေထက်
လေဖြတ်နိုင်ခြေ သုံးဆ ပိုမိုများပြားတယ်လို့ လေ့လာမှုအရသိရပါတယ်။
ဒါပေမဲ့လမ်းခွဲထားတဲ့ မိဘရှိ အမျိုးသမီးတွေကတော့ အတူနေမိဘရှိသူ
အမျိုးသမီးတွေထက် လေဖြတ်နိုင်ခြေ ပိုမများပါဘူး။
လေ့လာမှုအရ လေဖြတ်နိုင်ကြောင်း လူသိများတဲ့ အသက်အရွယ်၊ လူမျိုး၊
ဝင်ငွေ၊ပညာအရည်အချင်း၊ ကျန်းမာရေး အသိနဲ့ အပြုအမူ(ဆေးလိပ်သောက်တာ၊
လှုပ်ရှားမှု မရှိတာ၊ အ၀လွန်တာ၊ အရက်သောက်တာ)၊ လူမှုရေး ထောက်ပံ့မှုမရှိတာ၊
စိတ်ကျန်းမာရေး အခြေအနေတွေကိုပါ ထည့်သွင်းလေ့လာခဲ့တဲ့အခါ မိဘတွေ
လမ်းခွဲပြတ်စဲတာက အမျိုးသားတွေမှာ လေဖြတ်နိုင်ခြေသုံးဆ
ပိုများစေတဲ့အကြောင်းရင်း ဖြစ်တာကို တွေ့ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
အိမ်ထောင်ကွဲမိဘရှိသူ အမျိုးသားတွေမှာ လေဖြတ်နိုင်ခြေ သုံးဆများရတာက
ဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိသေးပေမယ့် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်း
ကော်တီစောနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
No comments:
Post a Comment