>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Wednesday, October 10, 2012

လေဖြတ်သူ မဖြစ်စေချင်ပါ


နှင်းနှင်း လေဖြတ်သွားလို့တဲ့… ဘယ်ဘက်တစ်ခြမ်းလုံး... လက်ကော ခြေကော လုံးဝအသိမရှိဘူး… အခု ဗဟိုစည်မှာ တင်ထားတယ်.. သွားကြရအောင်… လို့ပြောလာသူ မမညိုကို ကျမ အံ့အားသင့်စွာနဲ့ ပြန်ပြီး ငေးကြည့်နေမိပါတယ်.. ကျမတို့နှင့် ညီမ တစ်ဝမ်းကွဲ တော်သော နှင်းနှင်းအေး၊ ကျမထက် အသက် (၁)နှစ်တိတိသာ ငယ်သောသူဖြစ်ပါသည်။ ဘာလို့ ဒီလိုအဖြစ်မျိုးဖြစ်ရတာပါလိမ့်.. သူ့မှာ သမီးလေး (၂)ယောက်ရှိပါသည်။ ပဲခူးတိုင်း ဒိုက်ဦးမြို့မှာ စိုက်ပျိုးရေး ထွက်ကုန်များကို အဓိက စီးပွားရေး အရောင်းအ၀ယ် လုပ်ငန်း လုပ်သော ချမ်းသာသည့် မိသားစု ဖြစ်သည်။ အလွန်ချစ်သော ခင်ပွန်းနှင့် မိသားစု အတူတူ မပူမပင် စိတ်ချမ်းသာနေတဲ့အချိန် အရွယ်ကောင်းလေးမှာ လေဖြတ်ရတယ်လို့… ဘယ်သွားသွား စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဘ၀ကြီးမှာ သူအရမ်း စိတ်ညစ်နေမှာဘဲလို့ တွေးကြည့်မိနေပါတယ်..

ဆေးရုံရောက်သွားတော့ အမျိုးတွေ အကုန်လုံးနဲ့ပြန်တွေ့ကြရတာ အားလုံး ၀မ်းသာဝမ်းနည်း ဖြစ်ကြရပါတယ်.. ကျမတို့ ညီအမ ၀မ်းကွဲတွေ ပြန်မဆုံတာ အတော်ကြာနေပြီဘဲ.. တယ်လီဖုန်းနှင့်သာ အဆက်အသွယ်ရှိကြပေမဲ့ အခုလိုမျိုး သာရေး နာရေးရှိမှသာ လူကိုယ်တိုင် သွားမှ တွေ့ဖြစ်ကြတာပါ… .. ဆွေမျိုးညီအမတွေ ဆုံတုန်း စကားတွေက ပြောလို့မကုန်နိုင်ပါဘူး… ကျမတို့ ညဉ့်နက်မှ ဆေးရုံကနေပြန်လာကြပါတယ်…. အိမ်ရောက်တော့ တော်တော်နှင့် အိပ်လို့မရဘဲ ငယ်ငယ်က အကြောင်းတွေ ပြန်ပြီးတွေးတောနေမိပါတယ်…. ကျမတို့တွေ အသက်တွေကြီးလာကြပြီ .. ရောဂါတွေရလာကြပြီ.. သွေးတိုး၊ နှလုံး၊ ဆီးချို၊ ရောဂါမျိုးစုံတွေ စလာပြီ.. ငယ်ငယ်ကလို မသွက်လက်တော့ဘူး.. အထိုင်အထ မလွယ်တော့ဘူး… ခြေထောက်တွေ၊ ခြေဖ၀ါးတွေ တခါတလေ သိပ်နာတာဘဲ… ဒူးခေါင်းတွေ လဲနာလာပြီ…လှေခါးထစ်တွေ မြန်မြန်မတက်နိုင်တော့ဘူး... စတဲ့ ရောဂါတွေ ဟိုတစ ဒီတစ ဖြစ်လာကြပြီ.. မမြဲတဲ့ ခန္ဓာကြီးဘဲ.. အမေတွေ အဖေတွေကို မပြုစုရသေးခင်၊ သားတွေ သမီးတွေက အရင်ရောဂါတွေရနေကြပြီး … အမေ၊ အဖေ၊ အဒေါ်တွေက သားသမီးတွေ၊ တူ တူမတွေကို ပြန်ပြီး အရင်ဆုံးပြုစုနေရတာ အမှန်တကယ်ဖြစ်နေပြီ..

နှင်းနှင်းရဲ့ ဖြစ်စဉ်ကို ကြားခဲ့ရတာလဲ ကိုယ်ကိုယ်တိုင် ခံစားရသလိုပါဘဲ.. အဲဒီနေ့က လူက ထုံထုံထိုင်းထိုင်းကြီးနဲ့ မနက်အိပ်ယာထ ကတည်းက ညောင်းပြီး အိပ်ပဲအိပ်ချင်နေတယ်.. မနက် ၁၀ နာရီ ခွဲလောက်ကြတော့ ဗိုက်ဆာလို့ဆိုပြီး ဈေးကိုသွားရင်းနဲ့ .. အုန်းနို့ခေါက်ဆွဲ (၂)ပွဲ ဆက်တိုက်စားလိုက်တယ်… ပြီးတော့ နေ့ခင်း(၁၂) နာရီခွဲလောက်မှာ အိပ်ချင်လို့ အိပ်လိုက်တာ ပြန်လဲနိုးလာရော ဘယ်ဘက်တစ်ခြမ်းလေဖြတ်သွားပါပြီ… အရမ်းမြန်ပါတယ်.. လေဖြတ်တော့မယ်.. ကိုယ်တွေလေးလံနေပြီဆိုတာ မနက်ကတည်းက အချက်တော့ပြသားဘဲ… အဲဒါကို အဓိက သတိမထားမိလိုက်တာပါ… အမှန်တကယ် သတိထားမိရင် ကြိုတင်ပြင်ဆင်တာတွေ လုပ်လို့ ရနိုင်ဦးမှာ…

နှင်းနှင်းက ငယ်ငယ်ကတည်းက အစား သိပ်သောင်းကျန်းတာ… ၀က်သားကို သိပ်ပြီးကြိုက်ပါတယ်.. အသားထက် အဆီဘဲစားချင်တာ… ဒညင်းသီး.. အုန်းနို့..ချောကလက် အဆီ အဆိမ့်မှန်သမျှ အကောင်းစားတွေ အကုန်စား.. အချိုလည်းကြိုက်တယ်.. အိမ်ထောင်ကျတော့ သူ့သဘော၊ အိမ်မှာ သူကဘုရင်မ ပဲ။ ဆူမဲ့ ပူမဲ့ သူကမရှိတော့ အစားကို အထိန်းအကွပ်မရှိ စားလာတယ်။ ဒူးရင်းသီးဆိုရင် ခြင်းလိုက် မှာပြီး တစ်ယောက်ထဲ တစ်လုံးပြီး တစ်လုံး စိတ်ထင်တိုင်း စားနေတော့တာဘဲ။ သူ့အသက် (၂၆)နှစ်၊ ကလေးတစ်ယောက်ရလာချိန်မှာ သူ့မှာ သွေးတိုးရောဂါ ရနေပါပြီ.. အစားရှောင်ဘို့ ဆရာဝန်ပြောလဲ … မရှောင်ပါ.. စားပြီးဆေးသောက်လိုက်မယ်ဆိုတဲ့ သူ့လက်သုံးစကားအတိုင်း ဆေးကိုဘဲ အားကိုးပြီးနေပါတယ်… ကလေး (၄)နှစ်အရွယ်၊ အသက် (၃၀)နှစ် မှာ သူ သွေးချိုနဲ့ ဆီးချိုရောဂါ ရှိနေပြီလို့ ကြားရပါတယ်… ဒါလဲ အစားကို တော်ရုံနဲ့မရှောင်ဘူး.. ဆီးချိုတက်လာရင် ကိုယ့်ဘာသာ ပေါင်ကို ဆေးထိုးပြီး နေတယ်တဲ့… အော်.. အစားမရှောင်တဲ့ ဒုက္ခ နောက်ဆက်တွဲက တော်တော်ဆိုးတာဘဲလို့… စိတ်ကအဓိက ပါဘဲ… ပါးစပ်အကျင့် ၀မ်းအချင့်ဆိုတဲ့ စကားသိပ်မှန်ပါတယ်… ကျမဖေဖေ ပြောတာ.. ကျမ မှတ်မိနေပါတယ်.. သမီးတို့ အခုစားချင်တာကို အခုအသက်အရွယ်မှာ ... ငယ်တုံးမှာ .. နဲနဲစားထားကြ… အလွန်အကျွံတော့ မစားကြနဲ့... အသက် (၅၀) လောက်ဆိုရင် စားလို့မရတော့ဘူး.. သွေးတိုးဆီးချို တွေဖြစ်လာလိမ့်မယ်…. အခု အသက်(၂၀)လောက်မှာ စားစမ်း ဒညင်းသီး၊ အုန်းနို့၊ ၀က်သား.. ဖေဖေတို့ အခုစားလို့မရဘူး… စားတာနဲ့သေမှာ… လေဖြတ်မှာ… ဆိုပြီး ဖေဖေအစားရှောင်ခဲ့တာတွေ… စားပွဲပေါ်မှာ မတည့်တဲ့ ဟင်းတွေ၊ ငါးပိရည်ပန်းကန်တွေ့ရင် ဝေးဝေးကို ဖယ်လိုက်စမ်းပါ…မမြင်အောင် ထားပေးပါ… ငါ စားမိမှာစိုးလို့.. ဆိုတာ.. ဒါကြောင့် ပြောခဲ့တာနေမှာလို့ ကျမ ပြန်သတိရနေပါတယ်..ကျန်းမာရေးက သိပ်ပြီး အရေးကြီးတယ်ဆိုတာ ပိုပို ပြီး သိလာရပါတယ်…

အခု (၃၅)နှစ်မှာ လေဖြတ်သွားတော့ သူ့စိတ်ထဲ ဘယ်လိုများနေမလဲ… သူများထူမှ ထလို့ရမယ်.. သူများ မျက်နှာသစ်ပေးမှ.. သူများ အင်္ကျီလဲပေးမှ.. သူများ ထမီဝတ်ပေးမှ.. အိမ်သာတက်ပြီးတာတောင် သူများ သုတ်သင်ပေးမှ ဖြစ်တော့မယ်.. အစစအရာရာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး.. ဒုက္ခကြီးလိုက်တာ.. သနားလိုက်တာ.. ကျမအဲလိုမဖြစ်ချင်ဘူး.. သားသမီးတွေလဲ အမေက ဒီလို လူမမာဖြစ်နေတော့ မျက်နှာလေးတွေ ငယ်ပြီး အားငယ်နေကြသလိုဘဲ… သူတို့ ရင်ထဲမှာ အမေကို ဒီလို ဘယ်ဖြစ်စေချင်မှာလဲ… ကျမတို့ စကားတွေပြောနေပေမဲ့ .. နှင်းနှင်း ကတော့ စကားလုံးဝ မပြောနိုင်ပါဘူး… သူများတွေပြောနေတာကို တွေဝေပြီး ငေးကြည့်နေတာ.. သူ့စိတ်ထဲမှာဘယ်လောက် အားမလိုအားမရဖြစ်လိုက်မလဲ… ကောင်းနေတဲ့ ညာဘက်လက်နဲ့ ကိုယ်လုံးအနှံ့ကို လိုက်ပြီး ပွတ်နှိပ်ပေးနေရတယ်.. သူသိပ်ပြီး မြန်မြန်နေကောင်းချင်မှာဘဲ.. ကလေးတွေကိုလည်း သိပ်သနားတယ်.. ငါ့သားလေးသာ ဒီလို ခံစားရရင်ဆိုတဲ့ အတွေးဝင်လာတော့ ရင်ထဲကို လှပ်ကနဲ တော်တော်လေး စိုးရိမ်သွားမိတယ်… ငါနေကောင်းမှ ဖြစ်မှာ ဆိုတဲ့ အတွေး.. နေကောင်းအောင် ကျန်းမာအောင် လေမဖြတ်အောင် ဘယ်လို နေထိုင်သွားမလဲဆိုတာ ရယ် အားလုံးသော သူငယ်ချင်းများလည်း ကျန်းကျန်းမာမာနဲ့ ပျော်ရွင်တဲ့မိသားစု ကလေး ဘယ်လို ဖန်တီးယူကြမလဲဆိုတာရယ်ကို မျှဝေပေးလိုက်ပါတယ်.. သူငယ်ချင်းတို့လဲ ပြန်ပြီး မျှဝေပေးဦးနော်... သိသင့်တာတွေသိပြီး ကြိုပြီး ရှောင်ချင်လို့ပါ...
ကြို တင်ကာကွယ်နည်း
- ၀မ်းချုပ်မခံပါနှင့်။
- ရေများများသောက်ပါ.. တနေ့ကို အနဲဆုံး (၂)ဗူးကုန်အောင်သောက်ပါ..
(ကျမကတော့ (၆)ဘူး သောက်ပါတယ်.. ဆရာဝန်ပြောလို့)
- ငါး များများစားပါ..
- သံပုရာသီး တစ်နေ့တစ်လုံး ပျားရည်နှင့် သောက်ပါ။
- ဆေးလိပ်သောက်ခြင်းမှ ရှောင်ပါ.. ဆေးလိပ်သောက်တဲ့သူတွေနားလဲ မနေပါနှင့် ။
- အရက်ကိုလည်း အလွန်အကျွံ မသောက်ပါနှင့်။
- ဟင်းသီးဟင်းရွက်နှင့် အသီး များများစားပါ။
- ကိုယ်လက်လှုပ်ရှားမှု တစ်နေ့ ကို နာရီဝက်ခန့် အနဲဆုံးလုပ်ပါ။
- လမ်းများများလျှောက်ပါ..
- သွေးတိုးရောဂါသည် အသက်ကြီးငယ် မရွေးဖြစ်တတ်သည့် အတွက် သွေးတိုးသည့် sign (ခေါင်းမူး၊ ဇက်ကျောတက်၊ အန်၊ လေးလံထိုင်မှိုင်း၊ အိပ်ချင်) ဖြစ်လျှင် ဆရာဝန်နှင့် ကိုယ့် Blood Pressure ကို တိုင်းကြည့်ပါ။ ကြိုတင်ကာကွယ်ပါ..
- မတည့်သော အစားအစာကို ရှောင်ရပါမည်။ (၀က်၊လက်ဖက်၊ဒူးရင်း၊ ဒညင်းသီး၊ မှို၊ ငါးပိ၊ ငံပြာရည်၊ ကြက်ဟင်းခါးသီး၊ အုန်းသီး၊ အုန်းနို့၊ ငါးသလောက်) (ကျမသိပ်ကြိုက်သော အစားအစာတွေဖြစ်လို့ ဒါတွေဘဲသတိရလို့ ဖေါ်ပြလိုက်တာပါ။) ကျန်တာတွေ အများကြီးရှိသေးတယ်..

အားလုံးသော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်...
ခင်မင်တဲ့
C.D

No comments:

Post a Comment