ဗီတာမင်များ အကြောင်း သိကောင်းစရာ အဖြာဖြာ

ခန္ဓာကိုယ် ကြီးထွားရန်နှင့် ကျန်းမာမှုကို ထိန်းသိမ်းထားရန် အနည်းငယ်မျှလိုအပ်သော အော်ဂန်းနစ် ဒြပ်ပေါင်းစုဟာ ဗီတာမင်ဖြစ်ပါတယ် လို့ ပညာရှင်များက အဓိပ္ပါယ် သတ်မှတ်ထားပါတယ်။ ဗီတာမင်များရဲ့ သမိုင်းဟာ လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်းလောက်ကတည်းက စတင်ခဲ့ပါတယ်။ အချို့သော ရောဂါတွေဟာ အစားအသောက်အမူအကျင့်နဲ့ သက်ဆိုင်ဖြစ်ပွါးတယ်ဆိုတာကို
တွေ့ရှိပြီးတဲ့နောက် မှာ ဗီတာမင်များဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့တစ်နေရာကနေ ပါဝင်လာခဲ့ပါတယ်။
ဗီတာမင်ရဲ့ အခြေခံကျတဲ့ စကားလုံးကို စတင်ရှာဖွေခဲ့သူက ပိုလန်နိုင်ငံသား Casimir Funk ဖြစ်ပါတယ်။ ကနဦးပိုင်းမှာတော့ vitamin လို့ မခေါ်ဆိုသေးပါဘူး။ မူရင်းစကားလုံးက vital amine ဖြစ်ပါတယ်။ vital ဆိုတာက ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အလွန်တရာမှ အရေးကြီးသောလို့  အဓိပ္ပါယ်ရပြီး amines ဆိုတာကတော့ နိုက်ထြိုဂျင်ပါဝင်တဲ့ ဒြပ်ပေါင်းကို ခေါ်ဆိုတာဖြစ်ပါတယ်။ နောက်ပိုင်း တွင်တော့ ဗီတာမင် အားလုံးဟာ amines အုပ်စု မဟုတ်ဘူးဆိုတာ သုတေသီများက တွေ့ရှိခဲ့တဲ့အတွက် vitalamine တွင် “e” ကိုဖြုတ်ပြီး vitamin လို့ ယနေ့ ထက်တိုင် ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။ ဗီတာမင်ဟာ အော်ဂန်းနစ် ဒြပ်ပေါင်းတစ်မျိုးပါ။ အော်ဂန်းနစ်ဆိုတာကတော့ ကာဘွန်ပါဝင်ဖွဲ့စည်းထားတဲ့  အရာဖြစ်ပါတယ်။ ဗီတာမင်မှာ ပါဝင်တဲ့ ကာဘွန်ဟာ အပူပေးလိုက်တဲ့အခါ ဓါတ်တိုးပျက်စီးပြီး ဗီတာမင် အာနိသင် လျော့ပါးပျောက်ဆုံးသွားနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်(mierals) မတူတဲ့ အချက်က သတ္တုဓါတ်တွေကတော့ အပူပေးလိုက်ပေမယ့် ပျက်ဆီးသွားခြင်း မ၇ှိပါဘူး။ ဒါကြောင့်မို့ ဗီတာမင်ပါဝင်တဲ့ အစားအစာတွေကို အပူရှိန်ပြင်းပြင်းနဲ့ မချက်ပြုတ်ဖို့  ပညာရှင်တွေက ပြောကြားထားခြင်းဖြစ်ပါတယ်။
ယနေ့ခေတ်မှာ ဗီတာမင် အရေအတွက်ပေါင်း ၁၃ မျိုးတွေ့ရှိပြီး ဖြစ်ပါတယ်။ သတ္တုဓါတ်များကတော့ အကြမ်းအားဖြင့် ၁၂မျိုးခန့် (သို့မဟုတ် ထို့ထက်ပို၍) ရှိပါတယ်။ ဗီတာမင်များကို အက္ခရာ အစဉ်လိုက်အတိုင်း အေ၊ဘီ၊စီ၊ဒီ၊အီး၊ကေ ဆိုပြီး အမည်ပေးထားကြပါတယ်။ အေ၊ ဒီ၊ အီး၊ ကေ ဗီတာမင်များက အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေ ဖြစ်ပြီး စီနဲ့ ဘီအုပ်စုကတော့ ရေမှာပျော်ဝင်တဲ့ အုပ်စုဖြစ်ပါတယ်။ အချို့ ဗီတာမင်များဟာ ဟော်မုန်းကဲ့သို့လည်းကောင်း၊ အချို့မှာ အင်ဇိုင်းများကို
ကူညီသည့် အကူအင်ဇိုင်းအသွင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ပေးလျက်ရှိပါတယ်။
၁။ဗီတာမင်အေ ဗီတာမင်အေဟာ ကျောရိုးရှိသတ္တ၀ါတိုင်းအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်တစ်မျိုး
ဖြစ်ပါတယ်။ အမြင်အာရုံအားကောင်းဖို့၊ မျိုးပွါးခြင်းတာဝန်ထမ်းဆောင်နိုင်ဖို့၊ သန္ဓေသားဖွံ့ဖြိုးမှု၊ ဆဲလ်နှင့်တစ်ရှုးများ အဆင့်ဆင့် အသွင်ပြောင်းလဲမှုနှင့် လူ့ကိုယ်ခံအားစနစ်ကောင်းမွန်မှုအတွက် ဗီတာမင်အေကို လိုအပ်ပါတယ်။ ၁၉၀၀ ခုနှစ်အစောပိုင်းတွင် Mccollum နှင့် ပူးတွဲလုပ်ဆောင်သူပညာရှင် တစ်စုက ဗီတာမင်အေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အီဂျစ်နိုင်ငံမှာတော့ ဒီထက်ပိုရှေးကျစဉ်ကတည်းက ကြက်မျက်သင့်ရောဂါကို ဗီတာမင်အေ ကြွယ်ဝတဲ့ နွားအသည်းများကျွေးပြီး ကုသခဲ့ကြပါတယ်လို့ ဆိုထားပါသေးတယ်။ အစားအစာကနေ ရရှိတဲ့ ဗီတာမင်အေကို အုပ်စု ၂စုခွဲထားပါတယ်။ တိရစ္ဆာန်မှ ရရှိတဲ့
ဗီတာမင်အေ(retinol)နှင့် ဟင်းသီးဟင်းရွက်မှရရှိတဲ့ ကနဦးဗီတာမင်အေ(beta-carotene, alpha-carotene) တို့ဖြစ်ပါတယ်။ retinol ကို တိရစ္ဆာန် တို့၏ အသည်းတွင် များစွာတွေ့ရလေ့ရှိပြီး နွားနို့ ၊ ထောက်ပတ်၊ ကြက်ဥနှစ်၊ ငါးကြီးဆီ အစရှိသည်တို့ တွင်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်များ၊ အာလူး၊ မုန်လာဥနီ၊ ဖရုံသီးအစရှိတဲ့ အ၀ါရောင်နှင့် အနီရောင်ရှိ
သစ်သီးသစ်ဖုများတွင်တော့ ဗီတာမင်အေ မဖြစ်သေးခင်အဆင့်ရှိတဲ့ b-carotene, a-carotene တို့
ကြွယ်ဝစွာပါဝင်ပါတယ်။ beta-carotene ကို ကျွန်တော်တို့ ခန္ဓာကိုယ်က ချက်ချင်းအသုံးမပြုနိုင်သေးပါဘူး၊ အသုံးပြုလို့ ရနိုင်တဲ့ ဗီတာမင်အေ အဆင့်ကို လူ့အသည်းကနေ ပြောင်းလဲပေးပြီးမှ အသုံးပြုလို့ ရပါတယ်။ ဗီတာမင်အေဟာ ချက်ပြုတ်လိုက်ခြင်းကြောင့် အလွယ်တကူ ပျက်စီးနိုင်ခဲပါတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ် အစာလမ်းကြောင်းဟာ စားသုံးလိုက်သော ဗီတာမင်အေများကို အသည်းဆီပို့ ဆောင်ပြီး ချက်ချင်းအသုံးပြုပါတယ်။ အကယ်၍ ပိုလျှံနေမယ်ဆိုရင်တော့ အသည်းထဲမှာပဲ ဗီတာမင်အေကို သိမ်းဆည်းထားပေးပြီး လိုအပ်တဲ့ အချိန်မှာ ပြန်လည် ထုတ်ပေးပါတယ်။ ဗီတာမင်အေ ၉၀% လောက်ကို ကျွန်တော်တို့ လူတွေရဲ့ အသည်းမှာ ၆လကနေ တစ်နှစ်ကြာအောင် သိမ်းဆည်းထားပေးနိုင်ပါတယ်။
ဗီတာမင်အေ ချို့တဲ့ပါက ကြက်မျက်သင့်ခြင်း၊ မျက်ကြည်လွှာ ခြောက်ကပ်ခြင်း၊ မျက်ကြည်လွှာတွင် အနာဖြစ်ခြင်း၊ ကလေးငယ်များတွင် မျက်စိကွယ်ခြင်း အစရှိတာတွေဖြစ်နိုင်ပါတယ်။ အရေပြားအပေါ်ယံလွှာပျက်စီးပြီး ကြက်ဆူးများ ပေါ်လာတတ်ပါတယ်။ တခါတရံ ၀က်ခြံများပါ ပေါက်လာပြီး အရေပြားအလှကို ပျက်ဆီးစေနိုင်ပါတယ်။ ဗီတာမင်အေချို့တဲ့ မှုကြောင့် အသက်ရှုလမ်းကြောင်း၊ ဆီးလမ်းကြောင်း အစရှိတာတွေမှာ epithelium လို့ခေါ်တဲ့ အပေါ်ယံ အရေပြားဆဲလ်အလွှာပျက်စီးခြင်းကြောင့် ရောဂါပိုးများ
အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်အေကို (anti-infection vitamin) ရောဂါဆန့်ကျင် ဗီတာမင်ဟု တင်စားခေါ်ဆိုလေ့ရှိပါတယ်။
သုတေသနပြုချက်တွေအရ ဗီတာမင်အေဟာ အမျိုးသမီးများတွင် ဖြစ်ပွါးလေ့ရှိတဲ့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွါးနှုန်းကို လျှော့ချပေးပါတယ်။ အမေရိကန်အနောက်တောင်ပိုင်း Arizona ပြည်နယ်တွင်လည်း အရေပြား ကင်ဆာဖြစ်ဖို့ အလားအလာ ရှိတဲ့ လူပေါင်း နှစ်ထောင်ကျော်အနက် ဗီတာမင်အေ ဖြည့်စွက်စားသုံးစေတဲ့  လူတွေမှာ ဗီတာမင်အေ မစားသုံးသူတွေထက် အရေပြားကင်ဆာဖြစ်ပွါးမှုကို နည်းပါးစေကြောင်း တွေ့ရှိရပါတယ်။ ဒ့ါအပြင် ဘီတာကယ်ရိုတင်း ကြွယ်ဝတဲ့
အသီးအနှံတွေ စားသုံးခြင်းကြောင့် ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ဖြစ်ပေါ်မှု နည်းပါးသွားတာကိုလည်း တွေ့ရှိရပါသေးတယ်။
ကမ္ဘာတ၀ှမ်းမှာ ပရိုတင်းဓါတ်ချို့တဲ့မှုပြီးလျှင် ဗီတာမင်အေချို့တဲ့မှုဟာ ဒုတိယနေရာက လိုက်နေတဲ့ အာဟာရချို့တဲ့မှု ရောဂါပဲဖြစ်ပါတယ်။ ကျွမ်းကျင်သူပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ကမ္ဘာပေါ်မှာ လူတစ်သန်းမှ ငါးသန်းခန့်ဟာ ဗီတာမင်အေ ချို့တဲ့ရောဂါ ခံစားနေရတယ်လို့ ဆိုထားပါတယ်။ အများစုမှာ ကလေးငယ်များဖြစ်ပြီး ၎င်းတို့အထဲမှ နှစ်သိန်းကျော်ခန့်ဟာ မျက်စိကွယ်တဲ့ 
ဝေဒနာ ခံစားနေရပါတယ်။ စစ်တမ်းများအရ ဗီတာမင်အေချို့တဲ့မှုကြောင့် ကလေးငယ်များတွင် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ နှင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ ခံစားနေရပြီး ဗီတာမင်အေ လုံလုံလောက်လောက် ဖြည့်စွက်စားသုံးနိုင်တဲ့ ကလေးတွေမှာတော့ ၀က်သက်ရောဂါမှတဆင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တားဆီးပေးထားနိုင်ပါတယ်။
လူလတ်ပိုင်းအရွယ် တစ်ယောက်နေနဲ့ ဗီတာမင်အေ တနေ့ တာလိုအပ်ချက်မှာ 5000IU ဖြစ်ပါတယ်။ IU ဆိုတာကတော့ International unit ရဲ့ အတိုကောက်စာလုံးဖြစ်ပြီး အချို့သော ဗီတာမင်နှင့် ဆေးဝါးများရဲ့ ပမာဏကို တိုင်းတာရန် အတွက်အသုံးပြုပါတယ်။ ဗီတာမင်အေ ၁ ယူနစ်ဟာ retinol ၀.၃ မိုက်ခရိုဂရမ်၊ beta carotene ၀.၆ မိုက်ခရိုဂရမ်နဲ့ ညီမျှပါတယ်။
ဗီတာမင်အေဆေးဝါး များကို လိုအပ်သည့်ပမာဏထက်ပိုမိုပြီး ရေရှည်သုံးစွဲပါက အသဲ၊ အရိုးများကို ထိခိုက်စေမယ်၊ ဆံပင်ကျွတ်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းများဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်သည်များတွင် ဗီတာမင်အေ ကြွယ်သော အသည်းနှင့် နို့ ထွက်ပစ္စည်းများ အလွန်အအကျွံစားသုံးပါက အခန့်မသင့်ရင် သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်၊ ဒါပေမယ့် အသီးအရွက်မှ ရတဲ့ ကနဦး ဗီတာမင်အေ တဖြစ်လဲ ဘီတာကာရိုတင်း ကတော့ သန္ဓေသားကို မထိခိုက်စေနိုင်ပါဘူး။

၂။ဗီတာမင်ဒီ
ဗီတာမင်ဒီဟာ အရိုးပျော့ရောဂါ မဖြစ်ပွါးစေရန် တားဆီးပေးသော ဗီတာမင်ဖြစ်ပါတယ်။ ကလေးငယ်များတွင် rickets ဟုခေါ်သည့် အရိုးပျော့ရောဂါဖြစ်ပွါးမှုကို ၁၆၄၅ ခုနှစ်ကတည်းက စတင်တွေ့ရှိ ရေးသားခဲ့ပါတယ်။ စက်မှုတော်လှန်ရေးခေတ်ကာလ တွင် မြောက်ဥရောပ၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံရှိ လေထုညစ်ညမ်းပြီး နေရောင်ခြည်နည်းပါးသော မြို့ပြဒေသများတွင်
အရိုးပျော့ရောဂါဟာ ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် နေရာယူလာခဲ့ပါတယ်။ ဗီတာမင်ဒီကို မတွေ့ရှိခင်ကတော့ ဒီအရိုးပျော့ရောဂါဟာ မျိုးရိုးကြောင့်ဖြစ်သလော၊ ကာလသားပိုးရောဂါကြောင့် ဖြစ်သလော စသည်ဖြင့် သို့လောသို့လော တွေးခဲ့ကြပါတယ်။
၁၈၈၆ ကနေ ၁၈၉၀ ခုနှစ်ကာလအတွင်းမှာတော့ အရိုးပျော့ရောဂါဟာ ကိုယ်ခန္ဓာကို နေရောင်ခြည်ထိတွေ့တာ နည်းပါးမှုနှင့် ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိလာကြပါတယ်။ ၁၉၁၉ ခုနှစ်တွင် အရိုးပျော့ရောဂါကို ကုသဖို့ နေရောင်ခြည်နှင့် ထိတွေ့ရန် လိုအပ်ကြောင်းကို ထုတ်ဖော်ရေးသားခဲ့ကြပါတယ်။ ယင်းနှစ်အတွင်းမှာပဲ ဗြိတိန်ဆရာဝန် Edward Mellanby ဆိုသူက ခွေးငယ်လေးများတွင် ငါးကြီးဆီကျွေးပါက အရိုးပျော့ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ငါးကြီးဆီမှာ
ဗီတာမင်အေပါဝင်တာမို့ ဗီတာမင်အေက အရိုးပျော့ရောဂါအတွက် ကာကွယ်ကုသနိုင်တယ်လို့ ထိုစဉ်ကာလက ယူဆခဲ့ပါတယ်။ ၁၉၂၂ ရောက်ခါမှ ဗီတာမင်အေကြောင့်မဟုတ်၊ အခြားဗီတာမင် တစ်ခုကသာ အရိုးပျော့ခြင်း မဖြစ်စေအောင် ကာကွယ်နိုင်တယ်ဆိုတာ သိရှိခဲ့ကြပါတယ်။ လေးခုမြောက် ဗီတာမင်ဖြစ်တဲ့အတွက် အင်္ဂလိပ်အက္ခရာ အစဉ်လိုက်အတိုင်း ဗီတာမင်ဒီဟု အမည်ပေးခဲ့ကြပါတော့တယ်။ ဗီတာမင်ဒီဟာ အခြားဗီတာမင်များကဲ့သို့ အစားအာဟာရတွင် ပါဝင်ရုံသာမက နေရောင်ခြည်အကူအညီဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်က ဖွဲ့စည်းနိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်ဒီဟာ အစာလမ်းကြောင်းမှာ ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးပါတယ်။
အရိုးဖွဲ့စည်းတည်ဆောက် သန်မာစေရန် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗီတာမင်ဒီ ထုတ်ယူအသုံးပြုဖို့ အတွက် ကျွန်တော်တို့ လူတွေရဲ့ အရေပြား၊ အသည်း၊ ကျောက်ကပ်တွေက အဓိကကျ တာဝန်ယူထားပါတယ်။
လူကြီးအရွယ်ပိုင်းတွင် ဗီတာမင်ဒီ ချို့တဲ့မှုဟာ ရှားပါးသော်လည်း အဆီကိုမစုပ်နိုင်သော ရောဂါများရှိပါက ဗီတာမင်ဒီချို့တဲ့ပြီး အရိုးပျော့တာ၊ အရိုးပွတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးငယ်များတွင်တော့ ဗီတာမင်ဒီဓါတ် လျော့နည်းမယ်ဆိုရင် အရိုးပျော့လာပြီး ဒူးခေါင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို ကောင်းစွာမထိန်းနိုင်တော့ဘဲ ရာသက်ပန်လုံး လေးကိုင်းပုံစံ ဒူးခွင်ခွင်လေး
ဖြစ်စေတတ်ပါတယ်။ ဒါကို bowed legs လို့ ခေါ်ပါတယ်။ ဒါကြောင့် ကလေးငယ်များမှာ ဗီတာမင်ဒီ
မချို့တဲ့စေဖို့ အထူးသတိပြုသင့်လှပါတယ်။
ဗီတာမင်ဒီကြွယ်ဝတဲ့ အဓိကအစားအစာတွေက နွားနို့နှင့် နို့ ထွက်ပစ္စည်းများ၊ ကြက်ဥနှစ်၊ ထောပတ်၊ အသည်း အစရှိတာတွေ ဖြစ်ပါတယ်။ နွားနို့ တစ်ဖန်ခွက်သောက်ရင် ဗီတာမင်ဒီ 100 IU ခန့်ရနိုင်ပါတယ်။ နုနယ်တဲ့ မနက်ခင်း နေရောင်ခြည်ကို တစ်ကြိမ်လျှင် ၁၀ မိနစ်မှ ၁၅မိနစ်ခန့်ဖြင့် တပတ်လျှင် သုံးကြိမ်ခန့် ထိတွေ့ခံယူသင့်ပါတယ်။ ဗီတာမင်ဒီ တစ်နေ့တာလိုအပ်ချက်ကတော့ ၄၀၀ IU ဖြစ်ပါတယ်။ ဗီတာမင်ဒီ တစ်ယူနစ်ဟာ ၀.၀၂၅ မိုက်ခရိုဂရမ်နှင့် ညီမျှပါတယ်။ အသက် ၅၀ ကျော်လာပြီဆိုရင်တော့ တစ်နေ့တာ ဗီတာမင်ဒီ လိုအပ်မှုပမာဏဟာ ပိုပြီး များပြားလာပါတယ်။ ဒါကြောင့် အရိုးအဆစ်မြစ်များ ကျန်းမာသန်စွမ်းစေရန် ဗီတာမင်ဒီ ပြည့်ဝတဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးဖို့ လိုအပ်လာပါပြီ။ သုတေသနပြုချက်များအရ ဗီတာမင်ဒီဟာလည်း ဆီးချိုရောဂါမဖြစ်ပွါးအောင် တားဆီးနိုင်တယ် ဆိုတာကိုလည်း ဆက်စပ်တွေ့ရှိထားပါတယ်။ ဗီတာမင်ဒီဟာ ပုံမှန်အင်ဆူလင်ထုတ်ယူမှုအတွက် အရေးကြီးတဲ့ အခန်းက ပါဝင်ပါတယ်။ ဗီတာမင်ဒီဓါတ်လျော့နည်းမယ်ဆိုရင် အင်ဆူလင်ထုတ်လုပ်မှု
ကမောက်ကမဖြစ်ပြီး ဆီးချိုဖြစ်ဖို့ အလားအလာရှိတယ်လို့လည်း ဆိုထားကြပါတယ်။

ဗီတာမင် အီး
၁၉၂၂ ခုနှစ် ၀န်းကျင်လောက်က ဗီတာမင် အီးကို စတင်တွေ့ရှိခဲ့ပါတယ်။ ဗီတာမင် အီးဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ ဗီတာမင် အီးကို တွေ့ရှိစဉ်ကာလကတည်းက ဗီတာမင် အီးနဲ့ မျိုးပွါးမှုကြား ချိတ်ဆက်မှုကို တိရစ္ဆာန်တွေ မှာ လေ့လာ ခဲ့ကြပါတယ် ။ ဗီတာမင်အီးဟာ မျိုးပွါးခြင်းအတွက် အထောက်အကူပြုပြီး ဗီတာမင် အီးချို့တဲ့ ပါက မျိုးမပွါးနိုင်ခြင်း( မြုံခြင်း) ဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ဗီတာမင်အီးကို မြုံခြင်းဆန့်ကျင်သော ဗီတာမင် ( antisterility vitamin ) လို့ ခေါ်ဆိုလေ့ရှိပါတယ်။
ဗီတာမင်အီးတွင် အခြေခံအားဖြင့် tocopherols နှင့် tocotrienols ဆိုတဲ့ အုပ်စုတွေ ပါဝင်ပါတယ်။ ဗီတာမင် အုပ်စုအားလုံး ထဲတွင် alpha-tocopherols ဟာ ဓါတ်ဆိုးဆင့်ကျင်မှု စွမ်းအင် အများဆုံးရှိတဲ့ အုပ်စုဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အဆီဆဲလ်တွေဟာ ဗီတာမင်အီးတွေ စုဝေးရာနေရာတွေပဲ ဖြစ်ပါတယ်။ ဗီတာမင်အီးရဲ့ အဓိက စွမ်းဆောင်ချက်ဟာ အဆီထဲတွင် ဓါတ်တိုးဆန့်ကျင်မှုကို တားဆီးပေးနိုင်ခြင်းပါပဲ။ ဗီတာမင်အီးဟာ ဆဲလ်အမြှေးပါးပေါ်တွင် တွယ်ကပ်နေထိုင်ပြီးတော့ Free radicals တွေက ဆဲလ်တွေကို
မပျက်စီးစေခင် ၎င်း Free radicals တွေကို ချေဖျက်သုတ်သင်ပေးပါတယ်။ ဒါကြောင့်မို့ ဆဲလ်များ
ဓါတ်တိုးပျက်စီးခြင်းဖြစ်စဉ် လျော့နည်းသွားစေပါတယ်။
ပုံမှန်အားဖြင့် ဆဲလ်တွေမှာ အီလက်ထရွန် ပမာဏ အစုံလိုက်ရှိရပါမယ်။ free radicals တွေဆိုတာကတော့ အီလက်ထရွန် အစုံလိုက်မရှိတဲ့ မော်လီကျူးတွေဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ပိုင် အီလက်ထရွန် မပြည့်စုံတော့ တခြားပြည့်စုံတဲ့ ဆဲလ် အကောင်းတွေဆီက အီလထရွန်ကို ခိုးယူပါတယ်။ ဒါမှမဟုတ် သူတို့ ကိုယ်တိုင် တခြားဆဲလ်အကောင်းတွေဆီကို အတင်း တွယ်ကပ်ပြီး ဓါတ်တိုးခြင်း (oxidation) ဖြစ်စဉ်ကို ဖြစ်စေပါတော့တယ်။ ဒါကြောင့် free radical တွေဟာ တခြား
ဆဲလ်အကောင်းတွေ၊ တစ်ရှုးတွေကိုပါ ပျက်စီးစေတတ်တဲ့ မကောင်းတဲ့အရာဝတ္ထုတွေ ဖြစ်ပါတယ်။
ဗီတာမင်အီးလို ဓါတ်တိုးဆန့်ကျင် ဗီတာမင်တွေက ဒီ ဖြစ်စဉ်တွေ မဖြစ်အောင် ကာကွယ်တားဆီးနိုင်တဲ့ အစွမ်းသတ္တိ ရှိကြပါတယ်။ ဗီတာမင် အီးဟာ ဆဲလ်တွေပွါးများဖို့၊ ဆဲလ်တွေ ကြီးထွားဖို့အတွက်လည်း အထောက်အကူပြု ပါတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ် ခုခံအားစနစ်မှာလည်း ဓါတ်တိုးဆန့်ကျင် ကူညီပါသေးတယ်။ခန္ဓာကိုယ် ထဲဝင်လာတဲ့  ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စပ်တွေကို တိုက်ဖျက်ရာကနေ free radicals တွေ ထွက်ပေါ်လာပါတယ်။ အဲဒီ free radicals များဟာ ပုံမှန်ဆဲလ်အကောင်းများကို ပျက်စီးစေတတ်လေ့ရှိပါတယ်။ ဗီတာမင်အီးက ဆဲလ်များ မထိခိုက် မပျက်စီးစေရန် ကာကွယ်ပေးပါတယ်။
ဗီတာမင်အီးကို ခန္ဓာကိုယ်က စုပ်ယူဖို့အတွက် သဲခြေရည်နှင့် ပန်ကရိယက ထုတ်လုပ်တဲ့  အင်ဇိုင်းတွေ ရှိဖို့ လိုအပ်ပါတယ်။ အကယ်၍ ထိုအင်ဇိုင်းတွေ မရှိတဲ့ ၊ မစစ်ထုတ်နိုင်တဲ့ ရောဂါအခြေအနေမျိုးမှာဆို ဗီတာမင်အီးစုပ်ယူနိုင်မှုဟာ အလွန်ပင် နည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအခါမှာ ဗီတာမင်အီး ချို့တဲ့ သော လက္ခဏာတွေဖြစ်ပေါ်လာနိုင်ပါတယ်။
သာမန်လူတွေမှာတော့ ဗီတာမင်အီး ချို့တဲ့မှုဟာ မရှိသလောက် တွေ့ရခဲပါတယ်။ မွေးရာပါ ဗီဇပုံမှန်မဟုတ်သူတွေမှာသာ ဗီတာမင် အီးချို့တဲ့တာကို ရှားရှားပါးပါး တွေ့ရှိရပါတယ်။ သုတေသနပြုချက်တွေအရ ဗီတာမင်အီး မပါတဲ့ အစားအစာတွေပဲ ကျွေးထားတဲ့  တိရာစ္ဆာန်တွေမှာ မျိုးမပွါးနိုင်ခြင်း၊ ကြွက်သားများချည့်နဲ့ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစွာမရှိခြင်း အစရှိတဲ့ ဗီတာမင်အီးချို့တဲ့သည့်လက္ခဏာတွေ တွေ့ရပါတယ်။ နေ့မစေ့ လမစေ့ မွေးဖွား တဲ့  ကလေးငယ်တွေမှာ ဆိုရင်လည်း ဗီတာမင် အီး ချို့တဲ့ခြင်းကြောင့် သွေးနီဥများပျက်စီးတဲ့ သွေးအားနည်းရောဂါ
ဖြစ်လေ့ရှိပါတယ်။
ဗီတာမင်အီးဟာ နှလုံးသွေးကြောများတွင် အဆီများ မပိတ်ဆို့စေရန် ကာကွယ်ပေးတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ကဲ့သို့သော နှလုံးရောဂါများ ဖြစ်ပွါးမှုကို လျော့နည်းစေပါတယ်။ ဟားဗက်တက္ကသိုလ် သုတေသနပြုချက်များအရ အသက် ၄၀ မှ အသက် အသက်၇၅နှစ်အတွင်း အမျိုးသားပေါင်း လေးသောင်းကျော်ကို ဗီတာမင်အီး ဖြည့်စွက် စားသုံးစေပြီး လေးနှစ်တာ လေ့လာကြည့်လိုက်တဲ့အခါမှာ တစ်နေ့လျှင် အနည်းဆုံး ဗီတာမင်အီး ၁၀၀ IU ပမာဏကို နှစ်နှစ်ကြာ
ပုံမှန်စားသုံးလေ့ရှိတဲ့  အမျိုးသားတွေမှာ နှလုံးရောဂါ ဖြစ်ပွါးမှု ၄၀ ရာခိုင်နှုန်းမျှ နည်းပါးသွားတာကို တွေ့ရှိရပါတယ်။
ဖင်လန်နိုင်ငံတွင် လေ့လာချက်များအရ သွေးထဲတွင် ဗီတာမင်အီး ပမာဏ လျော့နည်းတဲ့  သူတွေမှာ သာမန် လူတွေထက် ကင်ဆာဖြစ်နိုင်ဖို့ အခွင့်အလမ်း ပိုများတာကို တွေ့ရှိရပါတယ်။ ဗီတာမင်အီးရဲ့ အာနိသင်ဟာ ခံတွင်းကင်ဆာ၊ အစာလမ်းကြောင်း ကင်ဆာ၊ အရေပြားကင်ဆာနှင့် သားအမ်ခေါင်းကင်ဆာ ဖြစ်ပွါးမှုကို လျော့ကျပေးနိုင်ပါတယ်။
အရွယ်ရောက် လူတစ်ဦးဟာ တစ်နေ့ကို ဗီတာမင် အီး အနည်းဆုံး ၃၀ IU သို့မဟုတ် ၃၀ မီလီဂရမ် လောက် ရအောင် စားသုံးသင့်တယ်လို့ ဆိုထားပါတယ်။ ဆေးလိပ်သောက်သုံးသူတွေ၊ သက်ကြီးရွယ်အိုတွေမှာ ဆိုရင်တော့ ဒိထက်မက ပိုမိုလိုအပ်ပါတယ်။ နှလုံးရောဂါ ကာကွယ်နိုင်ဖို့အတွက်ဆိုရင်တော့ တစ်နေ့လျှင် ဗီတာမင်အီး ၂၀၀ မီလီဂရမ်မှ ၄၀၀ မီလီဂရမ်ထိ လိုအပ်ပါတယ်။ လိုအပ်တာထက် ပိုမို စားသုံးမိပါကလည်း အခြားသော အဆီပျော် ဗီတာမင်များဖြစ်သည့် ဗီတာမင် အေ၊ ဗီတာမင် ဒီတို့လို ဗီတာမင်အီးဟာ အလွယ်တကူ အဆိပ်အတောက် မဖြစ်စေနိုင်ပါဘူး။
လူလတ်ပိုင်းတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် အီး ၈၀၀ မီလီဂရမ် စားသုံးရင်တောင် ခန္ဓာကိုယ်ကို ဘေးဥပါဒ် မဖြစ်စေနိုင်ဘူး လို့ ဆိုထားပါတယ်။ တစ်နေ့လျှင် ဗီတာမင်အီး ၄၀၀ မီလီဂရမ်က လူ့ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ပမာဏ ဖြစ်ပါတယ်လို့ သုတေသီတို့က အကြံပြုထားကြပါတယ်။
ဗီတာမင်အီး ကြွယ်ဝတဲ့ အစားအစာတွေက နေကြာစေ့ကဲ့သို့သော အခွံမာ အစေ့အဆန်များ၊သံလွင်ဆီ၊ မြေပဲဆီ၊ ပြောင်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီစသော ဟင်းသီးဟင်းရွက်ဆီများနှင့် ထောပတ်သီး၊ မက်မန်းသီး အစရှိသော အသီးအနှံတွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ကြက်ဥ၊ ထောပတ် အစရှိတာတွေမှာ ဗီတာမင်အီး အနည်းငယ် ပါဝင်ပေမယ့် ဟင်းသီးဟင်းရွက်ဆီမှ ရရှိသော ပမာဏလောက် အလျှံပယ် မကြွယ်ဝပါဘူး။

ဗီတာမင် ကေ
အဆီတွင်သာ ပျော်ဝင်တဲ့ ဗီတာမင် ကေ ကို ၁၉၃၅ ခုနှစ်က စတင်တွေ့ရှိခဲ့ပါတယ်။ စတင်တွေ့ရှိသူက ဒိန်းမတ်နိုင်ငံ သား Henrik Dam ဖြစ်ပါတယ်။ သူဟာ အဆီမပါတဲ့  အစာပဲစားသုံးတဲ့ကြက်ငယ်လေးတွေမှာ သွေးယိုစီးမှု ရောဂါ ဖြစ်ပွါး တဲ့အခါ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ကျွေးမွေးစမ်းသပ်အောင်မြင်ခဲ့ပါတယ်။ ထိုမှတဆင့် ဗီတာမင် ကေကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ထိုစမ်းသပ်မှု အဖြစ်အပျက်ကို ဂျာမန်ဘာသာ ဂျာနယ်တစ်စောင်က ဖော်ပြခဲ့ပါတယ်။ ထိုဂျာနယ်တွင် ပါဝင်သော စာလုံးတစ်လုံးဖြစ်သည့် သွေးခဲခြင်းဟု အဓိပ္ပါယ်ရသော ဂျာမန်စာလုံး koagulation ၏ ပထမဆုံးအက္ခရာ “ကေ” ကို ယူပြီး ဗီတာမင် ကေလို့ ခေါ်ဝေါ်ခဲ့ပါတယ်။ koagulation ဟာ လက်တင်ဘာသာက ဆင်းသက်လာတဲ့ အင်္ဂလိပ် စာလုံးဖြစ်တဲ့ coagulation နဲ့ အသံထွက် ဆင်တူပါတယ်။ စာလုံးနှစ်ခုလုံးရဲ့ အနက်အဓိပ္ပါယ်ကတော့ သွေးခဲစေခြင်း ပဲဖြစ်ပါတယ်။
ဗီတာမင်ကေမှာ အဓိကအားဖြင့် ဗီတာမင် K1 နှင့် ဗီတာမင် K2 ဟူ၍ နှစ်မျိုးနှစ်စားရှိပါတယ်။ ဒါ့အပြင် ဆေးဝါးအဖြစ် ဖွဲ့စည်းဖော်စပ်ထားသော ဗီတာမင် K3 ဟူ၍လည်း ရှိပါသေးတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းနှင့် ပဲပိစပ်ရည် အစရှိသည်တို့က ရရှိတာကတော့ ဗီတာမင် K1 ဖြစ်ပြီး လူ့ခန္ဓာကိုယ် အူသိမ်နှောင်းပိုင်းနှင့် အူမကြီးရှိ ဘက်တီးရီးယားမှ ထုတ်လုပ်တာကတော့ ဗီတာမင် K2 ဖြစ်ပါတယ်။
ဗီတာမင်ကေ ကို မွေးကင်းစ ကလေးငယ်များမှ အပ လူ့ခန္ဓာကိုယ်မှ ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ မွေးကင်းစ ကလေးငယ်တွေ မှာတော့ ၎င်းတို့ရဲ့ သန့်စင်သော အူထဲတွင် ဘက်တီးရီးယားများ လုံလောက်စွာ မပေါက်ဖွားသေးခြင်းကြောင့် ဗီတာမင် ကေထုတ်လုပ်နိုင်စွမ်း မရှိသေးပါဘူး။ ဒါ့အပြင် မိခင်နို့တွင် ဗီတာမင်ကေ လုံလောက်စွာ မပါရှိပါက မွေးကင်းစ ကလေးငယ်များတွင် ဗီတာမင် ကေချို့တဲ့နိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်များကို မွေးပြီးလျှင်ပြီးချင်း သွေးယိုစီးမှုကို
ကာကွယ်စေနိုင်ရန် ဗီတာမင် ကေ ထိုးပေးလေ့ရှိပါတယ်။
ဗီတာမင် ကေဟာ သွေးခဲစေ၊ သွေးတိတ်စေတဲ့ ဗီတာမင် ဖြစ်တဲ့ အတွက် ဗီတာမင် ကေ ပမာ ချို့တဲ့ မယ်ဆိုရင် သွေး ယိုစီးမှု တွေ၊ သွေးမတိတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ဓါးရှရင်ဖြစ်ဖြစ်၊ တစ်ခုခု ထိခိုက်မိလျှင်ပဲဖြစ်ဖြစ် သွေးထွက်လာပါတယ်။ ဒီအခါမှာ သွေးတိတ်စေတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ပြီး မလိုလားအပ်တဲ့ သွေးယိုစီး ဆုံးရှုံးမှုတွေကို တားဆီးပေးပါတယ်။ အဲဒီလိုသာ မတားဆီးပေးနိုင်ရင် ခန္ဓာကိုယ်ဟာ သွေးမတိတ်တော့ဘဲ အချိန်ကြာလာတာနဲ့အမျှ အသက်အန္တရယ် ထိခိုက်လာနိုင်ပါတယ်။
ဗီတာမင် ကေ ဟာဆိုရင် ထို သွေးတိတ်စေမှု ဖြစ်စဉ်အတွက် မရှိမဖြစ် အရေးပါလှတဲ့  တစ်ခုတည်းသော ဗီတာမင်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင် သွေးတိတ်မှု ဖြစ်စဉ် ဖြစ်ပေါ်ဖို့ အတွက် ဗီတာမင် ကေ သာမက၊ သည်းခြေရည်၊ အင်ဇိုင်းအချို့နှင့် အသည်းအင်္ဂါတို့ လိုအပ်ပါတယ်။ အင်ဇိုင်းများနှင့် ဗီတာမင်ကေ တို့ လုံလောက်နေသော်လည်း အသည်းမကောင်းဘူးဆိုရင် သွေးတိတ်မှု ဖြစ်စဉ် ဖြစ်ပေါ်နိုင်မှာ မဟုတ်ပါဘူး။
သာမန်အားဖြင့်တော့ ခန္ဓာကိုယ် အူမကြီးရှိ လူသားအကျိုးပြု ဘက်တီးရီးယားတွေကနေ ဗီတာမင်ကေ ကို နေ့စဉ် ထုတ်လုပ်ပေးနိုင်တဲ့အတွက် ဗီတာမင်ကေ ချို့တဲ့ သည့် ရောဂါ ဖြစ်ဖို့ ခဲယဉ်းပါတယ်။ သို့သော် ပိုးသတ်ဆေးပမာဏ များများကို ရေရှည်စွဲသောက်သုံးနေရမယ်ဆိုရင်တော့ အူမကြီးထဲရှိ ကောင်းတဲ့အကျိုးပြုဘက်တီးရီးယားများ သေကြေပျက်စီး သွားနိုင်တဲ့အတွက် ဗီတာမင်ကေ ချို့တဲ့စေနိုင်ပါတယ်။ ဒါကြောင့်မို့ ပိုးသတ်ဆေးများ ရေရှည်သောက်သုံးနေရသူများနှင့်
နာတာရှည်ရောဂါသည်များအဖို့ ဗီတာမင်ကေ ကြွယ်ဝသော အစားအစာများကို ပိုမိုစားသုံးပေးဖို့ လိုအပ်ပါတယ်။
ဗီတာမင်ကေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကိုက်လန်၊ မုန်ညင်း၊ ဟင်းနုနွယ်၊ ဆလတ် ၊ ပဲသီး၊ ဘရိုကိုလီ အစရှိသော အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲပုတ်ဆီ၊ သံလွင်ဆီ အစရှိသည်တို့ပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဗီတာမင်ကေ လိုအပ်မှု ပမာဏက တဖြည်းဖြည်း များလာပါတယ်။
၆လအောက် ကလေးငယ်များတွင် တစ်နေ့လျှင် ဗီတာမင်ကေ ၂ မိုက်ခရိုဂရမ်မျှလိုအပ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေ မှာတော့ တစ်နေ့ လျှင် ဗီတာမင်ကေ ၇၅ မိုက်ခရိုဂရမ်လိုအပ်ပြီး လူလတ်ပိုင်းအရွယ်မှ သက်ကြီးရွယ်အို အတွင်းမှာတော့ ၉၀ မိုက်ခရိုဂရမ်မှ ၁၂၀ မိုက်ခရိုဂရမ်ဝန်းကျင်မျှ လိုအပ်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် ဗီတာမင်ကေ လိုအပ်ချက် ပိုမိုများပြားပါတယ်။
ဗီတာမင်ကေဟာ အဆီတွင်ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်တဲ့ အတွက် ပိုလျှံပါက ခန္ဓာကိုယ်မှ အလွယ်တကူ မစွန့်ထုတ်နိုင် ပါဘူး။ သို့သော် အနည်းငယ်ပိုလျှံနေခြင်းကြောင့်လည်း ဘေးဥပါဒ် မဖြစ်စေနိုင်ပါဘူး။ နှလုံးခုန် မမှန်ခြင်း၊ သွေးကြောများ အတွင်း သွေးခဲများဖြစ်ပေါ်နေခြင်းကြောင့် warfarin ကဲ့သို့သော သွေးကျဲစေများ မှီဝဲသောက်သုံးနေရသူများတွင် ဗီတာမင်ကေ ဟာ သွေးကျဲဆေးရဲ့ အာနိသင်ကို လျော့ကျစေတတ်ပါတယ်။ အပြန်အလှန်အားဖြင့် ထိုသွေးကျဲဆေးများ ဟာလည်း
ဗီတာမင်ကေ၏ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။
ခန္ဓာကိုယ်တွင် ဗီတာမင်ကေပမာဏ လိုအပ်တာထက် ပိုလျှံနေမယ်ဆိုပါက သွေးနီဥများ ပျက်စီးစေနိုင်ခြင်း၊ အသားဝါခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ သို့သော် အထက်ပါ ဗီတာမင်ကေ အဆိပ်သင့်ခြင်းဟာ အင်မတန် ရှားပါးတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ဗီတာမင် K1 နှင့် K2 တို့ထက် ဗီတာမင် K3 ဟာ ခန္ဓာကိုယ်တွင် လိုအပ်တဲ့ ပမာဏထက် ပိုလျှံပါက အဆိပ်သင့်စေနိုင်ပြီး အသည်းနှင့်ဦးနှောက်ကိုပျက်စီးစေနိုင်တယ်လို့ ဆိုထားပါတယ်။

ဗီတာမင်စီ
Ascorbic acid လို့ခေါ်တဲ့ ဗီတာမင်စီကို ကာဗွန်၆လုံး၊ ဟိုက်ဒြိုဂျင် ၈လုံးနှင့် အောက်စီဂျင် ၆လုံးတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ ကာဗွန် ၆လုံးရှိတဲ့အတွက် ဗီတာမင်စီကို hexuronic acid ဟူ၍ ခေါ်ဆိုခဲ့ပါသေးတယ်။ ဗီတာမင်စီချို့တဲ့ခြင်းကြောင့် ရေစီးကမ်းပြိုဖြစ်ပွါးမှုဟာ ၁၇ရာစုမှ ၁၉ရာစုနှစ်အတွင်း ကမ္ဘာနှင့်အ၀ှမ်း ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင်တွင် လပေါင်းများစွာကြာအောင် ရွက်လွှင့်ခရီးသွားနေတဲ့ သဘောင်္သားတွေမှာ အဖြစ်များခဲ့ပါတယ်။
ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗီတာမင်အီးနှင့်မတူဘဲ ဗီတာမင်စီရဲ့ ဓါတ်တိုးဆန့်ကျင်သတ္တိကို ခန္ဓာကိုယ်ရဲ့ ရေရှိတဲ့ အစိတ်အပိုင်းတွေမှာပဲ တွေ့နိုင်ပါတယ်။ အဲဒီ ဓါတ်တိုးဆန့်ကျင်စေတဲ့ ဂုဏ်သတ္တိဟာ ဆဲလ်အတွင်းမှာရှိတဲ့  DNA ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ ဗီတာမင်စီဟာ ကင်ဆာဖြစ်ပွါးမှုကို လျော့နည်းစေပါတယ်။ အဓိကအားဖြင့်တော့ ဗီတာမင်စီဟာ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အဆုတ်ကင်ဆာတွေ မဖြစ်ပွါးအောင် တားဆီးပေးနိုင်ပါတယ်။ အကင်တွေ၊ မီးခိုးကြပ်တိုက်ထားတဲ့ အစားအစာတွေဟာ အစာအိမ် ကင်ဆာဖြစ်စေတဲ့ nitrosamine ဓါတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဗီတာမင်စီဟာ nitrosamine ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။
ဗီတာမင်စီချို့တဲ့ ခြင်းဟာ ရေစီးကမ်းပြိုဖြစ်စေနိုင်တယ်ဆိုတာကို သိရှိပြီးဖြစ်ကြပါတယ်။ ရေစီးကမ်းပြိုဖြစ်ပြီဆိုရင် သွားဖုံးဟာ အလိုလိုနေရင်း သွေးယိုလာမယ်၊ သွားတိုက်တဲ့အခါ သွေးထွက်လာမယ် အစရှိတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ရေစီးကမ်းပြိုဖြစ်ပွါးရတဲ့ အဓိက အချက် ၂ချက်ရှိပါတယ်။ ပထမတစ်ချက်က သွေးကြောထဲမှာရှိတဲ့ ဆဲလ်တွေဟာ တစ်ခုနဲ့ တစ်ခု ကောင်းမွန်စွာ ထိကပ်တွယ်ဆက်မနေလို့ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ သွေးကြောနံရံတွေမှာ ကိုလက်ဂျင်(collagen)လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး လုံလုံလောက်လောက် မရှိလို့ပဲ ဖြစ်ပါတယ်။ ဗီတာမင်စီဟာ ကိုလက်ဂျင် ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဒါကြောင့်မို့လည်း ထိခိုက်ဒဏ်ရာ အနာတရ ဖြစ်ပွါးပါက ဗီတာမင်စီ လုံလုံလောက်လောက်စားပေးမယ်ဆိုရင် အနာကျက်မြန်စေတာ ဖြစ်ပါတယ်။
ဗီတာမင်စီဖြည့်စွက်စာများကို ပုံမှန်စားသုံးပေးပါက နှလုံးရောဂါ ဖြစ်ပွါးမှုကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီဟာ သွေးကြောများကို ကောင်းမွန်စေတဲ့အတွက် နှလုံးရောဂါတင်မကပါဘူး၊ သွေးခဲခြင်းကြောင့် လေသင်တုန်းဖြတ်တာတွေ၊ သွေးကြောပေါက်ထွက်ခြင်းကြောင့် လေသင်တုန်းဖြတ်တာတွေအတွက်ပါ အထောက်အကူ ပြုပါတယ်။ ဂျပန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်တွေအရဆိုရင် သွေးထဲမှာ ဗီတာမင်စီ ပမာဏ ပုံမှန်ရှိတဲ့သူတွေမှာ လေဖြတ်ခြင်းကို ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လို့လည်း ဗီတာမင်စီတစ်ခုတည်း ပုံမှန်စားသုံးပေးတာနဲ့ လေသင်တုန်းမဖြတ်စေနိုင်ဘူးလို့တော့ အပြည့်အ၀ ဆိုမထားပါဘူး။ ဗီတာမင်စီဟာ အတိုင်းအတာ တစ်ခုထိ ကာကွယ်တားဆီးပေးနိုင်တာ ဖြစ်ပါတယ်။
တင်ပဆုံရိုးကျိုးခြင်းဟာ သွေးဆုံးပြီး အမျိုးသမီးများမှာ အများဆုံး ဖြစ်ပွါးလေ့ရှိတဲ့ ရောဂါတစ်ခုပါ။ လေ့လာချက်တွေအရ ဗီတာမင်စီချို့တဲ့မယ်ဆိုရင် တင်ပဆုံရိုးကျိုးဖို့အတွက် သုံးဆခန့် ပိုများတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သွေးဆုံးပြီးနောက်ပိုင်းကာလတွေမှာ ဗီတာမင်စီ မချို့တဲ့အောင် ဂရုပြုသင့်လှပါတယ်။ ဆေးလိပ် သောက်တတ်သူများမှာဆိုရင်တော့ ဗီတာမင်စီ လိုအပ်ချက် ပိုများနေမှာ ဖြစ်တဲ့အတွက် သာမန်လူများထက် ဗီတာမင်စီကို ပိုမိုစားသုံးပေးဖို့ လိုအပ်ပါတယ်။
တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက်ဟာဆိုရင် အမျိုးသားတွေမှာ ၉၀ မီလီဂရမ်ဖြစ်ပြီး အမျိုးသမီးတွေမှာတော့ ၇၅ မီလီဂရမ် လိုအပ်ပါတယ်။ ဒါပေမယ့် အထက်က ပြောခဲ့သလို ဆေးလိပ်သောက်သူတွေမှာ သာမက၊ ကိုယ်ဝန်သည်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ ရောဂါဖြစ်ပွါးနေသူတွေနဲ့ ပုံမှန် ကျောက်ကပ်သန့်စင်နေရသူတွေမှာ ဗီတာမင်စီ ပိုမိုလိုအပ်ပါတယ်။ ဗီတာမင်စီပမာဏ လိုအပ်တာထက် အနည်းငယ် ပိုမိုစားသုံးမိမယ်ဆိုရင်လည်း ဘေးဥပါဒ်မဖြစ်စေနိုင်ဘူးဆိုပေမယ့် တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်ထက်တော့ ပိုမစားသုံးသင့်ပါဘူး။ ဗီတာမင်စီ ၁၀၀၀ မီလီဂရမ်ပမာဏကို တကြိမ်တည်း စားသုံးပေမယ့်လည်း ခန္ဓာကိုယ်က အဲဒီပမာဏ အကုန်လုံးကို မစုပ်ယူနိုင်ပါဘူး။ တ၀က်ပဲ စုပ်ယူနိုင်ပြီး ကျန်တဲ့ တ၀က်ကိုတော့ ဆီးထဲကနေ စွန့်ပစ်လိုက်မှာ ဖြစ်ပါတယ်။ ဗီတာမင်စီ ၁၀၀ မီလီဂရမ် အောက်ကိုသာ ခန္ဓာကိုယ်က ရာနှုန်းပြည့် အပြည့်အ၀သုံးစွဲနိုင်ပါတယ်။ ဗီတာမင်စီ ဆေးဝါး၂ ဂရမ်မျှကို တကြိမ်တည်းသောက်သုံးလိုက်မယ်ဆိုရင် ဗိုက်နာမယ်၊ ပျို့လာမယ်၊ ၀မ်းလျှောမယ် အစရှိတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဗီတာမင်စီ ပမာဏများများကို ရေရှည်စွဲသောက်သုံးနေမယ်ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်ဖို့ အတွက် အခွင့်အလမ်းများတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ကျောက်ကပ်မှာ ကျောက်တည်ဖူးသူတွေအနေနဲ့ ဗီတာမင်စီ ဆေးဝါးများ အလွန်အကျွံ မစားမိဖို့ သတိပြုသင့်လှပါတယ်။
ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ အဓိကအားဖြင့် အရသာချဉ်တဲ့ အသီးအနှံတွေ ဖြစ်ပါတယ်။ ဘရိုကိုလီ၊ ကွမ်းသီးလုံးဂေါ်ဖီထုပ်၊ ကိုက်လန် အစရှိတဲ့ အရွက်အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင်စီ ကြွယ်ဝပါတယ်။ ဗီတာမင်စီ မပါဝင်တဲ့  အသီးအနှံဆိုလို့ ခပ်ရှားရှားပါပဲ။ တစ်ခုသတိထားရမှာကတော့ ဗီတာမင်စီဟာ အပူကြောက်တဲ့ ဗီတာမင်ပဲ ဖြစ်ပါတယ်။ မီးဖိုပေါ်မှာ အချိန်ကြာကြာ ချက်လေ၊ ဗီတာမင်စီ ပမာဏ များများဆုံးရှုံးလေ ဖြစ်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို နွမ်းဖတ်နေအောင် မကြော်လှော် မချက်ပြုတ်သင့်ပါဘူး။ အသီးအရွက်တွေမှာသာမက အသား၊ အသည်းတွေမှာလည်း ဗီတာမင်စီ အနည်းငယ် ပါဝင်ပါတယ်။
ဗီတာမင်စီ အလွန်အမင်း ချို့တဲ့ မယ်ဆိုရင်တော့ သွားဖုံးပျက်စီးတာ၊ သွားတွေကျွတ်တာ၊ ပါးစပ်အနာဖြစ်တာ၊ သွေးအန်တာ သွေးဝမ်းသွားတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်ထွက်ပြီးတော့ ခန္ဓာကိုယ်အနှံ့မှာ အနီစက်လေးတွေလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
ဗီတာမင်ဘီအုပ်စုများ
Vitamin B1

၁၉၂၆ ခုနှစ်အတွင်းမှာပဲ သိပ္ပံပညာရှင်တွေဟာ ဗီတာမင် ဘီဝမ်းကို အတိအလင်း တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဗီတာမင် ဘီဝမ်းချို့တဲ့မယ်ဆိုရင် ဘယ်ရီဘယ်ရီ(beriberi)လို့ခေါ်တဲ့ အာရုံကြောတွေ အားနည်းတဲ့ ရောဂါဖြစ်စေနိုင်ပါတယ်။ ဘယ်ရီဘယ်ရီဆိုတဲ့ စကားလုံးက သီဟိုဠ်ဘာသာစကားအရ “မလုပ်နိုင်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်း”လို့ အနက်သဘော ဆောင်တယ်လို့လည်း ဆိုကြပါတယ်။
အမှန်တကယ်လည်း ဗီတာမင် ဘီဝမ်း ချို့တဲ့ သူတွေမှာ ခြေလက်တွေ လေးလံထိုင်းမှိုင်းလာမယ်၊ မှတ်ဥာဏ်များ ချို့ယွင်းလာမှာ ဖြစ်ပါတယ်။ ဗီတာမင် ဘီဝမ်းချို့တဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ လက္ခဏာတွေ ခံစားလာရနိုင်ပါတယ်။ အစာလမ်းကြောင်းဟာလည်း ပုံမှန်တာဝန်မထမ်းဆောင်နိုင်တော့ဘဲ အစာမကြေတာ၊ အန်တာ၊ ၀မ်းလျှောတာတွေ ဖြစ်လာပါမယ်။ ခြေထောက်တွေ ထုံကျင်လာပြီး ဆောင့်ကြောင့် ထိုင်ရာကနေ ရုတ်တရက် ထလိုက်တဲ့အခါမျိုးမှာ အလွယ်တကူ မတ်တပ်ထလို့ မရတာမျိုးတွေ ရှိတတ်ပါတယ်။
နို့တိုက်မိခင်တွေမှာလည်း ဗီတာမင်ဘီဝမ်းကြွယ်ဝတဲ့ အစားအစာတွေ လုံလောက်အောင် မစားပေးဘူးဆိုရင် ကလေးငယ်မှာ ဘီဝမ်းချို့တဲ့ လာမှာ မလွဲဧကန်ပါပဲ။ အထူးသဖြင့် အသက် နှစ်လမှ သုံးလအရွယ် ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ကလေးငယ်ဟာ ဂဏာမငြိမ်ဖြစ်လာမယ်၊ ငိုလိုက်တဲ့အခါ အသံက စူးစူးဝါးဝါးဖြစ်လာပြီး ခပ်ကြမ်းကြမ်း ဖြစ်နေပါမယ်။ နောက်ဆုံးပိတ်အနေနဲ့ ကလေးဟာ အသံလုံးဝမထွက်တော့တဲ့  အဆင့်ထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဓိကဇစ်မြစ်ကတော့ အာရုံကြောများ ကောင်းမွန်စွာ အလုပ်မလုပ်တော့လို့ပါပဲ။
ဗီတာမင် ဘီဝမ်းဟာ အာရုံကြောများအကြား အချက်အလက်သယ်ပို့တဲ့ နေရာမှာ ပါဝင်ကူညီပေးပါတယ်။ ဒ့ါအပြင် ဘီဝမ်းချို့တဲ့မယ်ဆိုရင် နှလုံးကြီးလာမယ်၊ နှလုံးခုန်မြန်လာမယ်၊ အာရုံကြောတွေ ရောင်ယမ်းပြီး ခြေထောက်တွေ ဖောယောင်လာမယ်၊ အချိန်မှီ ထိရောက်တဲ့ ကုသမှု မရဘူးဆိုရင် နှလုံး အလုပ်မလုပ်တော့ဘဲ အသက်သေဆုံးတဲ့အထိပါ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ဘီဝမ်းမချို့တဲ့ဖို့ အထူးသတိပြုသင့်လှပါတယ်။ အထူးသဖြင့် အရက်သမားတွေမှာ ဘီဝမ်းချို့တဲ့တဲ့ လက္ခဏာတွေ မကြာခဏ တွေ့ရှိရတတ်ပါတယ်။
အထူးတလည် ဖြူဖွေးနေအောင် ဖွတ်ထားတဲ့ ဆန်တွေကိုပဲ စားမယ်ဆိုရင်လည်း လုံလောက်တဲ့ ဘီဝမ်းပမာဏ မရရှိနိုင်ပါဘူး။ ဆန်ရေစေးတဲ့အခါ လက်နဲ့ နာနာပွတ်ဆေးရင်လည်း ဘီဝမ်းတွေ ဆုံးရှုံးနိုင်ပါတယ်။ ထမင်းရေခန်း မချက်ဘဲ ထမင်းရည်တွေ သွန်ပစ်လိုက်မယ်ဆိုရင်လည်း ထမင်းရည်ထဲမှာ ဘီဝမ်းတွေ ပါဝင် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
ဘီဝမ်းကြွယ်ဝတဲ့ အစားအစာတွေကတော့ ဆန်လုံးညို၊ဂျုံ၊နှံစားပြောင်း၊ ပေါင်မုန့်၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။ ကြက်ဥအနှစ်နဲ့ ၀က်သားဟာလည်း ဘီဝမ်းပမာဏ တော်တော်များများပါဝင်တဲ့  အစားအစာတွေပဲ ဖြစ်ပါတယ်။
သာမန်လူတစ်ယောက်အတွက် တစ်နေ့တာ ဘီဝမ်းလိုအပ်ချက်က ၁.၅ မီလီဂရမ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တစ်နေ့တာ စားသုံးတဲ့  ကယ်လိုရီ ပမာဏပေါ်လည်း မူတည်ပါတယ်။ ကယ်လိုရီ များများစားလေ ဘီဝမ်း လိုအပ်ချက် ပိုများလေ ဖြစ်ပါတယ်။ ဘီဝမ်းပမာဏ အများအပြားစားသုံးမိပေမယ့်လည်း အန္တရယ် မရှိနိုင်ပါဘူး။ တစ်နေ့ကို ဘီဝမ်းပမာဏ ၅၀၀ မီလီဂရမ်မျှ စားသုံးရင်တောင်မှ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူးလို့ ဆိုထားပါတယ်။
အချို့အစားအစာတွေဟာ ခန္ဓာကိုယ်ရှိ ဘီဝမ်းပမာဏကို လျော့နည်းစေနိုင်ပါတယ်။ ရေချိုငါးတွေ၊ ခရု၊ ပုဇွန်ထုပ်နဲ့ ပင်လယ်ငါးတချို့မှာ ပါဝင်တဲ့ thiaminase ဆိုတဲ့ အင်ဇိုင်းတစ်မျိုးဟာ ဘီဝမ်းတွေကို ချေဖျက် ပျက်စီးစေနိုင်ပါတယ်။ ဒ့ါအပြင် ကော်ဖီ လက်ဖက်ရည်တွေ အလွန်အကျွံသောက်သုံးမယ်ဆိုရင်လည်း သွေးထဲရှိ ဘီဝမ်းပမာဏ လျော့နည်းသွားစေနိုင်တယ်ဆိုတာကို သတိပြုသင့်လှပါတယ်။
Vitamin B2

အချို့လူတွေမှာ နှုတ်ခမ်းထောင့်လေးတွေ ကွဲနေတတ်ပါတယ်။ အဲဒါကို ကျီးကန်းပါးစပ်နာလို့ ခေါ်ပါတယ်။ ဒါဟာ ဗီတာမင်ဘီတူး ချို့တဲ့လို့ပဲ ဖြစ်ပါတယ်။ ribitol လို့ခေါ်တဲ့ သကြားတစ်မျိုးပါဝင်တဲ့အတွက် ဗီတာမင်ဘီတူးကို riboflavin လို့သမုတ်ခေါ်ဆိုခဲ့ကြပါတယ်။
ဗီတာမင်ဘီတူး ချို့တဲ့ရင် ကျီးကန်းပါးစပ်နာ ဖြစ်ရုံသာမက အရေပြားနဲ့ မျက်လုံး ပူလောင်သလို ခံစားရတာတွေ၊ ခေါင်းကိုက်တာ၊ သတိမေ့လွယ်တာ၊ သွေးအားနည်းတာတွေ အစရှိတာတွေ ခံစားရတတ်ပါတယ်။ သာမန်အားဖြင့်တော့ ဗီတာမင်ဘီတူး ချို့တဲ့ တာကို တွေ့ရခဲပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင်ဘီတူးဟာ အစားအစာတော်တော်များများမှာ ပါဝင်နေလို့ပါပဲ။ နွားနို့နဲ့ အခြားနို့ထွက်ပစ္စည်းတွေ၊ ပေါင်မုန့်၊ ဂျုံ၊ ကြက်ဥ၊ အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲတောင့်ရှည် အမျိုးမျိုးမှာ ဗီတာမင် ဘီတူး ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိပြုရမှာကတော့ ဗီတာမင်ဘီတူးဟာ အလင်းရောင် အထိမခံနိုင်တဲ့ ဗီတာမင်ပဲ ဖြစ်ပါတယ်။ ဥပမာ နွားနို့ ကဲ့သို့သော အရာတွေကို ခွက်ထဲသေချာဖုံးအုပ် ထည့်ထားပြီး အလင်းရောင်မရှိတဲ့ နေရာမှာ စနစ်တကျသိမ်းဆည်းထားမှသာ ဗီတာမင်ဘီတူးဓါတ်များ မပျက်စီးဘဲ ရှိနေနိုင်ပါလိမ့်မယ်။
ဗီတာမင်ဘီတူးကို အစာလမ်းကြောင်းကနေ အကန့်အသတ်နဲ့သာ စုပ်ယူတဲ့အတွက် ခန္ဓာကိုယ်မှာ ဘီတူးပမာဏ ပိုလျှံပြီး ဘေးဥပဒ် ဖြစ်စေတာမျိုး မရှိနိုင်ပါဘူး။ တစ်နေ့တာ ဘီတူးလိုအပ်ချက်ပမာဏကတော့ ၁.၈ မီလီဂရမ်ပဲ ဖြစ်ပါတယ်။
Vitamin B3

ဗီတာမင်ဘီသရီးကို နိုင်ရာစင်(niacin) သို့မဟုတ် နစ်ကိုတင်းနစ်အက်ဆစ်(nicotinic acid) လို့လည်း ခေါ်ဝေါ်နိုင်ပါတယ်။ နိုင်ရာစင်ဓါတ်ချို့တဲ့မယ်ဆိုရင် ပီလာဂယာ (Pellagra) လို့ခေါ်တဲ့ ရောဂါတစ်မျိုး ခံစားရနိုင်ပါတယ်။ ပီလာဂယာဆိုတဲ့ စကားလုံးဟာ အီတလီဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး “ကြမ်းတမ်းသော အရေပြား”လို့ အဓိပ္ပါယ်ရပါတယ်။ ဒီရောဂါကို ၁၇၃၅ ခုနှစ်အတွင်း စပိန်သမားတော်တစ်ဦးက ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပီလာဂယာဆိုတာ ရောဂါသုံးခုစုပေါင်းထားခြင်းပါ။ 3D လို့ အတိုကောက် မှတ်သားလေ့ရှိပါတယ်။ ဘာတွေလဲဆိုတော့ Dermatitis လို့ခေါ်တဲ့ အရေပြားရောင်ယမ်းတာ၊ diarrhea လို့ခေါ်တဲ့ ၀မ်းလျှောတာ၊ Dementia လို့ခေါ်တဲ့ သတိမေ့လျော့ မှတ်ဥာဏ်ချို့ယွင်းတာတွေပဲ ဖြစ်ပါတယ်။ မကုသဘဲ ထားပါက အသက်သေဆုံးခြင်းအဆင့်ထိ ဖြစ်စေနိုင်ပါတယ်။
ပီလာဂယာရောဂါလက္ခဏာ(taken from Kumar & Clark’s Textbook)
၁၉၃၇ ခုနှစ်ရောက်ရှိမှပဲ နိုင်ရာစင်ဟာ ပီလာဂယာရောဂါကို ကုသနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ပီလာဂယာရောဂါဖြစ်မယ်ဆိုရင် အရေပြားဟာ အက်ကွဲယောင်ယမ်းနေပါမယ်။ နေရောင်ခြည်နဲ့ ထိတွေ့တဲ့ နေရာတွေမှာ အရောင်တွေပြောင်းလဲလာပါမယ်။ ပါးစပ်နဲ့ အစာလမ်းကြောင်းတလျှောက်မှာရှိတဲ့ အပေါ်ယံလွှာ ရောင်ယမ်းပျက်စီးပြီး သွေးယိုစီးမှု ဖြစ်စေနိုင်ပါတယ်။
အရက်သောက်တဲ့သူတွေနဲ့ ပြောင်းဖူးတစ်မျိုးတည်းကိုသာ အခြေခံစားသုံးတဲ့ အာဖရိက၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေမှာ နိုင်ရာစင် ချို့တဲ့တာတွေကို အများဆုံး တွေ့ရှိရတတ်ပါတယ်။
နိုင်ရာစင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသား၊ ငါး၊ ဒိန်ချဉ်၊ အာလူး၊ ပဲနီလေး အစရှိတာတွေဖြစ်ပါတယ်။ မှိုဟာလည်း နိုင်ရာစင် ပေါများတဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ တစ်နေ့တာ နိုင်ရာစင် လိုအပ်ချက်ကတော့ ၂၀ မီလီဂရမ်ဖြစ်ပါတယ်။ တကယ်လို့ ပီလာဂယာ ရောဂါကို ကုသဖို့ဆိုရင်တော့ နိုင်ရာစင် လိုအပ်ချက်ဟာ ပုံမှန်ထက် ဆယ်ဆ၀န်းကျင်ခန့် များပြားနေနိုင်ပါတယ်။ အစားအစာကနေ ရရှိတဲ့ နိုင်ရာစင်ဓါတ်ဟာ လိုအပ်တာထပ် ပိုမို စားသုံးမိပေမယ့်လည်း ဘေးထွက်ဆိုးကျိုး မရှိစေနိုင်ဘူးလို့ ဆိုပါတယ်။ ယနေ့ခေတ် လေ့လာချက်များအရ နိုင်ရာစင်ဖြည့်စွက်ဆေးဝါးများဟာလည်း အဆီကျစေနိုင်တယ်လို့ အဆိုပြုထားလျက်ရှိပါတယ်။
Vitamin B5

ဗီတာမင် ဘီဖိုက်ကို ပန်တိုသနစ်အက်ဆစ်(Pantothenic acid) လို့လည်း ခေါ်ဝေါ်ပါတယ်။ pant ဆိုတဲ့  စကားလုံးဟာ ဂရိဘာသာစကား “ နေရာတိုင်းတွင်ရရှိနိုင်သော” လို့ အနက်ဆောင်ပါတယ်။ အမှန်တကယ်လည်း ဟုတ်ပါတယ်။ ဘယ်အစားအစာမဆို တော်တော်များများမှာ ပန်တိုသနစ်အက်ဆစ် ပါဝင်နေလေ့ရှိပါတယ်။ ဒါကြောင့်မို့လည်း ပန်တိုသနစ်အက်ဆစ် ချို့တဲ့တဲ့ လက္ခဏာကို လူတွေမှာ တော်ရုံတန်ရုံ တွေ့ရလေ့မရှိပါဘူး။
ပန်တိုသနစ်အက်ဆစ်ဟာ ကာဘိုဟိုက်ဒြိတ်၊ အဆီနဲ့ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါလှတဲ့  ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။
ပန်တိုသနစ်အက်ဆစ်ချို့တဲ့မယ်ဆိုရင်တော့ အထက်ပါ ဇီဝလုပ်ငန်းစဉ်တွေ ပျက်စီးပြီး စိတ်ဓါတ်ကျတာ၊ ကြွက်တက်တာ၊ ထုံတာ ကျင်တာ အစရှိတာတွေ ခံစားရတတ်ပါတယ်။ ပန်တိုသနစ်အက်ဆစ် အများဆုံးပါဝင်တဲ့အစားအစာတွေကတော့ အသည်း၊ ကြက်ဥ၊ ကောက်သီးနှံနဲ့ အခြားဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။
Vitamin B6

ဗီတာမင်ဘီစစ်ဟာ သွေးနီဥ ဖွဲ့စည်းရာတွင် ကူညီထမ်းဆောင်ပေးပါတယ်။ အာရုံကြောအချက်အလက်များ များအတွက် အရေးပါသလို အမိုင်နိုအက်စစ် ဖွဲ့စည်းဖို့အတွက်လည်း ဗီတာမင်ဘီစစ်ကို လိုအပ်ပါတယ်။
တစ်နေ့တာ လိုအပ်ချက်ကတော့ ၂ မီလီဂရမ်မျှ ဖြစ်ပြီး လူသားတွေမှာ ချို့တဲ့တာကို သိပ်မတွေ့ရှိရတတ်ပါဘူး။ ဗီတာမင်ဘီစစ် ချို့တဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့ အပေါ်ယံအလွှာတွေ ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ဖြစ်ပွါးဖို့ အလားအလာများတယ်လို့လည်း ဆိုထားပါသေးတယ်။ တစ်နှစ်အောက် ကလေးငယ်တွေမှာတော့ ဗီတာမင်ဘီစစ်ချို့တဲ့မယ်ဆိုရင် ၀မ်းလျှောတာ၊ တက်တာ၊ သွေးအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ တီဘီဆေးသောက်နေတဲ့ လူနာတွေမှာ ဘီတာမင်ဘီစစ် ချို့တဲ့ နိုင်ပါတယ်။
ဗီတာမင်ဘီစစ်ဖြည့်စွက်ဆေး ပမာဏများများဟာ ဆီးချိုကြောင့်အာရုံကြောအားနည်းတဲ့ ရောဂါ၊ စိတ်ကစဥ့်ကလျားဖြစ်တဲ့ ရောဂါနဲ့ အမျိုးသမီးများ ဓမ္မတာမလာမီ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာစုတွေအတွက် အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။
ဗီတာမင်ဘီစစ်ပမာဏ လိုအပ်တာထက် ပိုမိုသောက်သုံးမိပါက ဆိုးဆိုးဝါးဝါး ဘေးဥပဒ်မဖြစ်စေနိုင်ဘူးဆိုပေမယ့် ရံဖန်ရံခါ ထုံတာကျင်တာ၊ လမ်းကောင်းကောင်းမလျှောက်နိုင်တာ၊ အလင်းရောင်ကို ကောင်းကောင်းမကြည့်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။
Vitamin B7

ဒီဗီတာမင်ကို ဘိုင်အိုတင် (Biotin) ဟူ၍ ခေါ်ဆိုလေ့ရှိပါတယ်။ ရှေးယခင်ကတော့ Vitamin H လို့ ခေါ်ဆိုခဲ့ဖူးပါတယ်။ H ဆိုတာကတော့ ဂျာမန်စကားလုံး haar und haut ဆိုတာကို ကိုယ်စားပြုတာဖြစ်ပြီး “ဆံပင်နှင့် အရေပြား”HံH
လို့ အဓိပ္ပါယ်ဆောင်ပါတယ်။
ဘိုင်အိုတင်ချို့တဲ့မယ်ဆိုရင် ဆံပင်တွေပါးမယ်၊ ကျွတ်မယ်၊ အရောင်တွေမွဲခြောက်နေပါမယ်။ အရေပြားဟာလည်း အနီစက်တွေပေါ်ပြီး အရေပြား ကျန်းမာရေးကို ပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျို့တာ၊ အန်တာ၊ ထုံကျင်တာ၊ ခုခံအားတွေကျဆင်းလာတာတွေ ခံစားရတတ်ပါတယ်။
အသည်း၊ ကောက်သီးနှံ၊ ကြက်ဥနဲ့ အခြားအစားအစာ တော်တော်များများ မှာ ဘိုင်အိုတင် ပါဝင်ပါတယ်။ လူ့ခန္ဓာကိုယ် အူမကြီးမှာရှိတဲ့ ဘက်တီးရီးယားတွေဟာလည်း ဘိုင်အိုတင်ပမာဏ အနည်းငယ်ကို ဖွဲ့စည်းထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ကြက်ဥမှာ ဘိုင်အိုတင်ဓါတ်ပါ ၀င်တယ်ဆိုပေမယ့် အစိမ်းလိုက် သောက်မယ်ဆိုရင်တော့ ကြက်ဥမှာပါဝင်တဲ့ avidin ဆိုတဲ့ ပရိုတင်းတစ်မျိုးဟာ အူထဲမှာ ဘိုင်အိုတင် စုပ်ယူမှုကို လျော့ကျစေနိုင်ပါတယ်။ ဒါပေမယ့် ကြက်ဥကို ကျက်အောင်ချက်လိုက်မယ်ဆိုရင်တော့ အဲဒီပရိုတင်းပြိုကွဲသွားပြီး ပုံမှန်အတိုင်း ဘိုင်အိုတင်ဓါတ်ကို ကောင်းစွာ စုပ်ယူနိုင်မှာဖြစ်ပါတယ်။ အစာအာဟာရ မျှတအောင် မစားတဲ့သူတွေ၊ အတက်ကျဆေးတွေ စွဲသောက်နေရတဲ့သူတွေမှာ ဘိုင်အိုတင် ဓါတ် လျော့နည်းနိုင်ပါတယ်။
Folic Acid

Vitamin B9၊ vitamin M စသည်ဖြင့် နာမည် အမျိုးမျိုးရှိပေမယ့် ဖောလစ်အက်ဆစ်လို့သာ လူသိများကြပါတယ်။ ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ လိမ္မော်သီး၊ စတော်ဘယ်ရီ စတဲ့  အသီးအနှံတွေ၊ ဟင်းနုနွယ်လိုမျိုး အစိမ်းရင့်ရောင် ဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးတို့ ဖြစ်ပါတယ်။ တစ်နေ့တာ လိုအပ်ချက်ကတော့ အနည်းဆုံး ၄၀၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ကိုယ်ဝန်သည် အမျိုးသမီးတွေမှာတော့ ဒိထက်မက ပိုမိုလိုအပ်ပါတယ်။ ကိုယ်ဝန်ရဲ့ ပထမ၁၂ ပတ်မှာ ဖောလစ်အက်ဆစ် ဖြည့်စွက်ဆေးဝါးများ စားသုံးပေးမယ်ဆိုရင် ရင်သွေးသန္ဓေသားမှာ ဦးနှောက်နှင့် အာရုံကြောမကြီး မဖွံ့ဖြိုးမှုကို ၇၀ ရာခိုင်နှုန်းမျှ ကာကွယ်ပေးနိုင်ပါတယ်။
ဖောလစ်အက်ဆစ်ဟာ အပူကို အရမ်းကြောက်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဟင်းသီးဟင်းရွက်တွေကို အချိန်ကြာမြင့်အောင် ချက်ပြုတ်မယ်ဆိုရင် ဖောလက်အက်ဆစ် ၉၅ ရာခိုင်နှုန်းတောင် ပျောက်ပျက်ဆုံးရှုံးနိုင်တယ်လို့ ဆိုထားပါတယ်။ အရက်သောက်တဲ့သူတွေမှာလည်း ဖောလက်အက်ဆစ် ချို့တဲ့နိုင်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ သွေးနီဥဆဲလ်များ ကြီးထွားစေရန် ပါဝင်ကူညီဆောင်ရွက်ပေးပါတယ်။ ဖောလစ်အက်ဆစ် ချို့တဲ့ရင် သွေးအားနည်ရောဂါ ခံစားရမှာ ဖြစ်ပါတယ်။
Vitamin B12

ဒီဗီတာမင်ကိုတော့ ဘက်တီးရီးယားတွေကသာ ဖွဲ့စည်းနိုင်ပါတယ်။ အသားငါးနဲ့ နို့ထွက်ပစ္စည်းတွေကနေသာ B12 ကို ရရှိနိုင်ပြီး ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေမှာတော့ B12 မပါဝင်ပါဘူး။ B12 ဟာ သွေးနီဥဆဲလ်များ ဖြစ်ပေါ်ဖို့နဲ့ ကြီးထွားရှင်သန်ဖို့အတွက် အရေးပါလှတဲ့ ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။ B12 ချို့တဲ့ရင်တော့ သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါပြဿနာတွေ ရှိတတ်သူတွေမှာ B12 ချို့တဲ့နေနိုင်ပါတယ်။ သက်သက်လွတ်စားသူတွေမှာလည်း B12 ချို့တဲ့ကောင်း ချို့တဲ့နိုင်တဲ့အတွက် ဖြည့်စွက်ဆေးဝါးများ စားသုံးသင့်လှပါတယ်။ တစ်နေ့တာအတွက် B12 လိုအပ်ချက်ကတော့ အနည်းဆုံး ၃ မိုက်ခရိုဂရမ်ပဲ ဖြစ်ပါတယ်။
ဗီတာမင်တွေဟာ ခန္ဓာကိုယ်သက်ရှင်လှုပ်ရှားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အစာအာဟာရ မမှီဝဲဘဲ သက်ရှိတွေဟာ အသက်ရှင်လို့ မရပါဘူး။ ဒါကြောင့်မို့ မိမိတို့ တစ်နေ့တာ စားသုံးလိုက်တဲ့  အစားအစာတွေထဲမှာ သင့်တင့်လျောက်ပတ်တဲ့ ဗီတာမင် ပမာဏတွေ အချိုးကျကျ ပါဝင်ဖို့ လိုအပ်ပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ဗီတာမင်ကြွယ် အစားအစာများကို အာဟာရပြည့်အောင် စားသုံးမှသာ ကာယသုခ၊ စိတ္တသုခနဲ့ ပြည့်စုံနိုင်မယ် ဖြစ်ပါကြောင်း ဆန္ဒပြု ရေးသားလိုက်ရပါတယ်။
လေးစားစွာဖြင့်..
ဒေါက်တာအောင် (29.10.2011)
No comments:
Post a Comment